စတုတ္ထမြောက် ဂျီနီဗာသဘောတူညီချက်ရဲ့ ပုဒ်မ (၁၄၇) က စစ်ရာဇ၀တ်မှုများကို ဟောသလို ဖွင့်ဆို ထားပါတယ်။
“လူတယောက်အား ဒုက္ခကြီးစွာ ခံစားရစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း သို့မဟုတ် လူတယောက်၏ ခန္ဓာကိုယ် သို့မဟုတ် ကျန်းမာရေးအပေါ် ပြင်းထန်သော ဒဏ်ရာအနာတရ ဖြစ်စေရန် တမင်ရည်ရွယ်ပြုလုပ်ခြင်းတို့အပါအ၀င် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ ပြုမူခြင်း၊ တရားဥပဒေနှင့် မညီသော နှင်ထုတ်မှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှု သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦးအား တရားဥပဒေနှင့် မလျော်ညီစွာ ကန့်သတ်တားမြစ်ထားခြင်း၊ ကာကွယ်စောင့်ရှောက်မှု ပေးထားသူတဦးအား ရန်သူစစ်တပ်ဖွဲ့များတွင် အတင်းအကျပ် တာဝန် ထမ်းဆောင်စေခြင်း သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦး၏ တရားသဖြင့် ရထိုက်သော အခွင့်အရေးများနှင့် ပုံမှန်တရားရင်ဆိုင်မှုကို ငြင်းပယ်ခြင်း” တို့ ဖြစ်ပါတယ်။
စစ်ရေးလိုအပ်ချက်ကြောင့် မဟုတ်ဘဲ ဓားစာခံဖမ်းဆီးခြင်း၊ သူတပါးပိုင် ပစ္စည်းများကို အလွန်အကျွံ ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း၊ ယင်းလုပ်ရပ်များကို တရားဥပဒေနှင့် အညီမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ပြုလုပ်ခြင်း။
အထက်ပါလုပ်ရပ်များသည် အခြေခံအားဖြင့် စစ်ရာဇ၀တ်မှုမြောက်သော လုပ်ရပ်များဖြစ်သည်ဟု နိုင်ငံတကာ ရှေ့နေများက ပြောဆိုကြသည်။
၁၉၉၂ မှစ၍ ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် “စစ်မက်ရေးရာ ဥပဒေသများ သို့မဟုတ် ဓလေ့ထုံးတမ်းများ” ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအဖြစ် သံသယရှိသူများအား ရုံးတင် တရားစွဲဆို စစ်ဆေးကြားနာရန် မိမိတို့တွင် အခွင့်အရေးရှိသည်ဟု သဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာတရားရုံးက ပြောဆိုသည်။ ဤသို့သော စစ်ဥပဒေချိုးဖောက်မှုမျိုးများအတွက် ပုဒ်မ (၃) တွင် ဥပမာများပေးထားသည်။
ပုဒ်မ (၃)
- စစ်ရေးလိုအပ်ချက်အရ မြို့ရွာများကို ဖျက်ဆီးချေမှုန်းခြင်း။
- မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အကာအကွယ်မဲ့နေသော မြို့၊ ရွာ၊ အိုးအိမ်အဆောက်အဦများအား တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း။
- ဘာသာရေး၊ ပရဟိတ၊ ကျန်းမာရေး၊ အနုပညာနှင့် သိပ္ပံဆိုင်ရာ အဆောက်အဦများ၊ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အဦများနှင့် အနုပညာလက်ရာပစ္စည်းများကို သိမ်းပိုက်ခြင်း သို့မဟုတ် တမင်သက်သက် ဖျက်ဆီးခြင်း။
- ပြည်သူပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ပစ္စည်းများကို လုယူခြင်း။
စစ်ပွဲအတွင်းဖြစ်သော်လည်း အရပ်သားများအား ပစ်မှတ်ထား ကျူးလွန်ကြသော ရာဇ၀တ်မှုများကို လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအဖြစ် ခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်သည်။ ယင်းနှင့် ပတ်သက်သော ဥပမာများကို ပုဒ်မ (၅) တွင် အောက်ပါအတိုင်း ထပ်မံဖော်ပြထားသည်။
- လူသတ်မှု၊ မျိုးဖြုတ်မှု၊ ကျွန်ပြုမှု၊ နှင်ထုတ်မှု၊ အကျဉ်းချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မကျင့်မှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းအပေါ် မူတည်၍ သတ်ဖြတ်မှု။
- နိုင်ငံသားတစု၊ မျိုးနွယ်စုတစု၊ လူမျိုးစုတစု သို့မဟုတ် ဘာသာဝင်တစုအား ယင်းတို့ အားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော လုပ်ရပ်များအား လူမျိုးတုံး သုတ်သင်မှုအဖြစ် ခုံရုံးက ဖွင့်ဆိုသတ်မှတ်သည်။
သို့သော် စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေမှာ အဆက်မပြတ် ဖြစ်ပေါ်တိုးတက်နေသည်။ ၂၀၀၁ ဖေဖော်ဝါရီတွင် သဟိတ်ဂ်မြို့ ခုံရုံးက အမျိုးသမီးများအား အစုလိုက်အပြုံလိုက် စနစ်တကျ အဓမ္မပြုကျင့်မှုနှင့် စစ်ဖြစ်နေစဉ် အမျိုးသမီးများအား လိင်ကျွန်ပြုခြင်းတို့သည် စစ်ရာဇ၀တ်မှုမြောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ အမျိုးသမီးများအား အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက်တခုအဖြစ် အသုံးပြုခြင်းတို့သည် စစ်၏ ဓလေ့ထုံးတမ်းများကို ချိုးဖောက်မှုတခုအဖြစ်မှ လူမျိုးတုံးသုတ်သင်မှုပြီးလျှင် ဒုတိယအကြီးဖြစ်သော စစ်ရာဇ၀တ်မှုတခုအဖြစ်သို့ ရောက်ရှိခဲ့သည်//