စစ်မှုထမ်းဟောင်းတစ်ဦး၏ နိုင်ငံရေးအမြင်
အမျိုးသားယဉ်ကျေးမှုဆိုတာကို ကွန်မြူနစ်ကြေငြာစာတမ်းရေးတဲ့ ကားမတ်ရဲ့ မိတ်ဆွေကြီး အိန်ဂျယ်ကတော့ “အမျိုးသားယဉ်ကျေးမှုဆိုတာ အပေါ်စီးရတဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှု” လို့ အဓိပ္ပါယ် ဖွင့်ဆိုပြခဲ့တာ ဖတ်ဖူးလိုက်ပါတယ်။ အပေါ်စီးမရတဲ့ တိုင်းရင်းသား လူမျိုးတွေနဲ့တော့ ဘာမှမဆိုင်သလိုမျိုး ဖြစ်နေပါတယ်။ ဒီင်္နေ့ မြန်မာနိုင်ငံမှာလည်း အိန်ဂျယ် ဖွင့်ဆိုထားတဲ့ အတိုင်းပါဘဲ။ တောင်အာဖရိကနိုင်ငံက ပညာရှင်တစ်ဦး သူ့အမည်တော့ မမှတ်မိတော့ဘူး၊ သူပြောတာ ကျွန်တော်တို့က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အပြေးအလွှားနဲ့ ချီတက်နေတဲ့ အချိန်မှာ ယဉ်ကျေးမှုဆိုတဲ့ ခြင်းတောင်းကြီးကို ခေါင်းပေါ်တင်ပြီး ရွက်ထားကြတော့ မပြေးနိုင်ဘဲ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင် ဖြစ်ခဲ့ရတယ်တဲ့။
အင်္ဂလိပ်လူမျိုးတွေရဲ့ လက်ပတ်နာရီပတ်တာကို အတုခိုးနိုင်ခဲ့တယ်။ ဒါပေမဲ့ အချိန်တိကျမှုဆိုတဲ့ အကျင့်ကိုတော့ အတုမခိုးနိုင်ခဲ့ကြဘူး။ မြန်မာနိုင်ငံမှာလည်း ယဉ်ကျေးမှုဆိုတဲ့ ခြင်းတောင်းကြီးကို ရွက်ထားဦးမယ်ဆိုရင်တော့ ဒီနေ့ ပညာရှင်တွေ ပြောနေတဲ့ ပညာခေတ် ဂလိုဘယ်လိုက်ဇေးရှင်းတို့ကို ဖြတ်ကျော်ဖို့ မလွယ်ဘူး။
ဒီနေ့ အာရှနိုင်ငံတွေမှာ တိုးတက်လာတဲ့ နိုင်ငံတွေကို ပြန်ကြည့်ရင် ယဉ်ကျေးမှုကို သိပ်ဦးစားမပေးဘူးဆိုတာ တွေ့နိုင်ပါတယ်။ ပထမ အာရှကျား (၄) ကောင်လို့ ပြောတဲ့ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့ကိုကြည့်ရင် ယဉ်ကျေးမှုတွေ ပြောင်းလဲသွားပြီး ထိပ်တန်းတိုးတက်တဲ့ နိုင်ငံတွေ ဖြစ်ကုန်ကြပါပြီ။ စင်္ကာပူဆိုရင် (၁၉၆၀) ခုနှစ်လောက်က တံငါရွာ အဆင့်လောက်ဘဲ ရှိပါတယ်။ အခု အာရှမှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်နေပြီ။ ဟောင်ကောင်ဆိုရင် အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး တရုတ်ပြည်မကြီးရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကြီးတစ်ခု ဖြစ်နေပြီ။ တရုတ်ခေါင်းဆောင်တွေကတောင် ဟောင်ကောင်လိုမြို့တွေ တရုတ်ပြည်မှာ အများအပြားဖြစ်လာအောင် လုပ်ကြလို့ အော်လာရပါတယ်။